Full Moon Day of KaSone

Leave a Comment
ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ ကဆုန်လပြည့်နေ့။
သာသာနာနှစ် ၂၅၆၃ ခုနှစ်။
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံခဲ့တာ ဒီနေ့ဆိုရင် ၂၅၆၃ နှစ် ပြည့်ခဲ့ပြီ။


ဒီနေရာမှာ မှတ်ထားသင့်တာ သက္ကရာဇ် (၅) မျိုးရှိပါတယ်။

(၁) မဟာသက္ကရာဇ် = ဂေါတမမြတ်စွာဘုရားရှင်ရဲ့ ဘိုးတော် (သီရိမဟာ မာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟ ပြည့်ရှင်ဘုရင် အဉ္စနမင်းကြီးက ဒိဗ္ဗစက္ခုအဘိညာဉ်ရ ဒေဝီလရသေ့နဲ့ တိုင်ပင်ပြီး သူ့လက်ထက်မှာ ရောက်ဆဲဖြစ်တဲ့ သက္ကရာဇ် (၈၆၄၅) ခုကို အဲ့ဒီနှစ် တပေါင်းလကွယ် စနေနေ့ အထိ ဖြိုပြီး တန်ခူးလဆန်း(၁)ရက် တနင်္ဂနွေနေ့ကစလို့ သက္ကရာဇ်တစ်ခု ထားတယ်။ အဲ့ဒီ့သက္ကရာဇ်ကို မဟာသက္ကရာဇ်လို့ခေါ်တယ်။ အဲ့လိုစပြီးသတ်မှတ်တဲ့နှစ်က မြတ်စွာဘုရား ဖွားတော်မမူမီ (၆၈)နှစ် အလို။ ဂေါတမဘုရားရှင်ရဲ့ သက်တော် (၈၀)နှင့်ပေါင်းရင် မဟာသက္ကရာဇ်ရဲ့ သက်တမ်းက (၁၄၈)နှစ်အထိ ရှိခဲ့တယ်။ အဲ့ဒီ့ ၁၄၈-နှစ်ကို ဖြိုပြီး သာသနာသက္ကရာဇ်ကို စပြီးတွက်ရတယ်။

(၂) သာသနာသက္ကရာဇ် = မဟာသက္ကရာဇ်ရဲ့ သက်တမ်း (၁၄၈)နှစ် ရောက်တဲ့အချိန်မှာ ဂေါတမဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူတယ်။ အဲ့ဒီ့နေက ကဆုန်လပြည့်နေ့။ အတိအကျပြောရင် မဟာသက္ကရာဇ် ၁၄၈ ခုနှစ်၊ (ဘီစီ ၅၄၃) ကဆုန်လပြည့်၊ အင်္ဂါနေ့။ သာသနာတော် အနှစ် (၅၀⁠၀၀)ကိုလည်း ထားတော်မူခဲ့တယ်။ ပရိနိဗ္ဗာန် စံတော်မူပြီး လေးလအကြာ ရာဇဂြိုဟ်ပြည့်ရှင် ဘုရင်အဇာတသတ်ရဲ့ ကြီးကြပ်ပံ့ပိုးမှုနဲ့ ပထမသင်္ဂါယနာတင်တော်မူပြီးတဲ့နောက် အရှင်မဟာကဿပနဲ့ ဘုရင်အဇာတသတ် တိုင်ပင်ပြီး သက္ကရာဇ် (၁၄၈)ကို ဖြိုခဲ့တယ်။ ပြီးတော့ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူတဲ့ အဲ့ဒီ့နှစ်ကနေပဲစပြီး သာသနာနှစ် သက္ကရာဇ်(၁)ခု ဆိုပြီးစရေတွက်ခဲ့တယ်။ အဲ့ကနေစပြီး  သာသနာသက္ကရာဇ် ဆိုပြီးပေါ်လာတယ်။

(၃) ကောဇာ (ဂေါဇာ)သက္ကရာဇ်၊ မြန်မာသက္ကရာဇ် = သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှာ ရှိရင်းစွဲ သာသနာသက္ကရာဇ်ကိုဖြိုပြီး အသစ်ပြန်စ ရေတွက်ရာကနေ ကောဇာသက္ကရာဇ် တစ်နည်းအခေါ် မြန်မာသက္ကရာဇ် ဆိုတာ ပေါ်လာတယ်။ ကောဇာ (ဂေါဇာ)သက္ကရာဇ် (ဝါ) မြန်မာသက္ကရာဇ် ဆိုပြီး စတင်သတ်မှတ်ခဲ့တဲ့ သရေခေတ္တရာ မင်းဆက် သုမုန္ဒရီမင်း လက်ထက်မှာတစ်ကြိမ် (၆၂၂ နှစ်)၊ ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာတစ်ကြိမ် (၅၆၀ နှစ်)၊ စုစုပေါင်း သက္ကရာဇ် နှစ်ကြိမ် စုစုပေါင်း (၁၁၈၂ နှစ်) ဖြိုခဲ့ဖူးတယ်။ အဲ့တာကြောင့် မြန်မာသက္ကရာဇ် တစ်နည်းအခေါ် ကောဇာသက္ကရာဇ်က သာသနာသက္ကရာဇ် ထက်နည်းနေတာ။ လက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ကို ဖြိုခဲ့တဲ့ ၁၁၈၂ နှစ်နဲ့ပေါင်းရင် လက်ရှိသာသနာနှစ် ၂၅၆၃ နှစ် (၁၁၈၂+၁၃၈၁) ကိုရတယ်။

(၄) ခရစ်သက္ကရာဇ် (ဘီစီ) = ခရစ်တော် မပေါ်မီကာလ နောက်ပိုင်းကို ရေတွက်ရတဲ့နှစ်တွေ။
(၅) ခရစ်သက္ကရာဇ် (အေဒီ) = ခရစ်တော် ပေါ်ပြီးတဲ့ နှစ်ကနေစပြီး ရှေ့ကို အစဉ်အတိုင်း ရေတွက်ရတဲ့ နှစ်တွေ။ (လက်ရှိသုံးနေတဲ့ အင်္ဂလိပ် ပြက္ခဒိန်)

ဒီကနေ့ ကဆုန်လပြည့်နေ့၊ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော် မူတဲ့နေ့ အခါသမယကို အထူးအားဖြင့် အမှတ်ပြုပြီး ဒီ Dhamma Review Blog ကို စတင်ရေးသားခဲ့ပါတယ်။

မြတ်စွာဘုရားရှင် လောကသတ္တဝါအပေါင်းကို စွန့်ခွာပြီး ပရိနိဗ္ဗာန်စံတော်မူခဲ့တာ ဒီနေ့ဆိုရင် နှစ်ပေါင်း ၂၅၆၃ နှစ်တိုင်ခဲ့ပြီဆိုတာ သတိထားမိအောင်ရယ်၊ ဒီနေ့ထိ ကျွန်တော်တို့တွေ သံသရာဝဋ်ဆင်းရဲက မလွတ်မြောက်နိုင်သေးဘူးဆိုတာရယ်ကို သတိပြုမိပြီး မကောင်းမှုတွေလျော့ ကောင်းမှုတွေ ဆောင်နိုင်ကြစေဖို့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သိရှိနားလည် ကျင့်သုံးလိုက်နာသင့်တာတွေကို မျှဝေပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ သတ္တလောက သတ္တဝါအပေါင်း
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းနိုင်ကြပါစေ။


Dhamma Review.

0 comments:

Post a Comment

TechSectors Blog သည် Mynamar Unicode စနစ်အား အသုံးပြုထားပြီး မြန်မာဖောင့်မရှိသည့် ဖုန်းများ/ကွန်ပျူတာများတွင်ပါ မြန်မာလိုမြင်တွေ့နိုင်စေရန် ဖန်တီးပြင်ဆင်ထားသည့်အတွက် စာဖတ်သူအနေနှင့် မှတ်ချက်ရေးသားလိုပါက မြန်မာယူနီကုတ်စနစ်ဖြင့် အသုံးပြုရေးသားရန် အကြံပြုလိုပါသည်။ အကယ်၍ ဇော်ဂျီဖြင့်သာ ရေးသားလိုပါက http://www.rabbit-converter.org/Rabbit/ တွင် ZawGyi မှ Unocode သို့ ပြောင်းလဲ၍ ​ဤ ဘလော့တွင် ရေးသားမှတ်ချက်ပြုနိုင်ပါသည်။

Related Posts

Recent

About Us

Random

About Us

Random